ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အပြုအမူတွေ လုပ်မိနေသလား
ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ အလေ့အထတွေ ရှိတယ်ဆိုတာ သိပြီးပြီလား? မသိသေးဘူးဆိုရင်တော့ သိပ်နောက်မကျခင်မှာ သိရှိကာကွယ်နိုင်စေဖို့ ဖတ်ကြည့်လိုက်နော်။
တစ်နေ့တာမှာ မသိလိုက်ဘဲ လုပ်မိနေတဲ့ အလေ့အထတေါထဲက ဘယ်နှခုလောက်က ကျောက်ကပ်ကို ထိခိုက်စေလဲဆိုတာကို အတူတူ လိုက်ပါ လေ့လာလိုက်ပါ။
- အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ သုံးစွဲတာ
ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံ သောက်တာက နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်တယ်ဆိုပေမယ့် ကျောက်ကပ်တွေကို ထိခိုက်စေနိုင်ပါတယ်။ ကျောက်ကပ်ရောဂါ ရှိမယ်ဆိုရင်လည်း အကိုက်အခဲပျောက်ဆေး မသောက်သင့်ပါဘူး။ အမြဲလိုလို အကိုက်အခဲပျောက်ဆေးတွေ သောက်တာက ကျောက်ကပ်ကို ကိုယ်တိုင် ဖျက်ဆီးနေတာပါ။
- အငန် အစားများတာ
ဆားတွေ အစားများတာ၊ အငန်ကဲတာတွေကို စားတာက သွေးတိုးစေသလို ကျောက်ကပ်တွေကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ ဆားကို လိုတာထက် ပိုမစားမိအောင် ဂရုစိုက်ပါ။
ပြုပြင်ထားတဲ့ အစားအစာတွေမှာ ဆိုဒီယမ်တွေရော ဖော့စဖရတ်တွေပါ လွန်လွန်ကဲကဲ ပါဝင်နေတာပါ။ ကျောက်ကပ်က ဖော့စဖရိတ် အစားများလေလေ ထိခိုက်လေလေပါ။ ဒါကြောင့် ကျောက်ကပ် ကျန်းမာရေးကို ဂရုစိုက်တဲ့ အနေနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားပါ။
- ရေသောက်နည်းတာ
ကျောက်ကပ်တွေက ကိုယ်တွင်းက ဆိုဒီယမ်တွေ နဲ့ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါမယ်။ ရေကို လုံလောက်အောင် မသောက်တာက ကျောက်ကပ် လုပ်ဆောင်ရည်ကို ထိခိုက်စေသလို ကျောက်တည်တာနဲ့ ကျောက်ကပ် အားနည်းတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
- အိပ်ရေးပျက်တာ
ညဘက်တွေမှာ ကောင်းကောင်းအိပ်စက်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေသလို ကျောက်ကပ်လည်း ကျန်းမာစေပါတယ်။ အိပ်ရေးပျက်တာက ကျောက်ကပ်ရဲ့ လုပ်ငန်းစဉ်တွေကို ကမောက်ကမဖြစ်စေပြီး ကျောက်ကပ် ထိခိုက်စေပါတယ်။
- အသားတွေ အစားများတာ
တိရစ္ဆာန်ကနေရတဲ့ ပရိုတင်းတွေကို စားတာက သွေးထဲမှာ အက်ဆစ်ပမာဥ များစေပြီး ကျောက်ကပ်က အက်ဆစ်တွေကို အချိန်မီ မဖယ်ရှားနိုင်တဲ့အခါ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသားတွေကို သင့်တင့်တဲ့ ပမာဏလောက်ပဲ စားပေးပါ။ သစ်သီးတွေ နဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပေးပါ။
- သကြား အစားများတာ
သကြားအစားများတာက အဝလွန်တာ၊ သွေးတိုးတာနဲ့ ဆီးချို စတာတွေကို ဖြစ်စေပြီး ဒီကျန်းမာရေး ပြဿနာတွေက ရေရှည်မှာ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အချိုကို တတ်နိုင်သမျှ လျှော့စားပါ။
- ဆေးလိပ်သောက်တာ
ဆေးလိပ်သောက်တာက အဆုတ်နဲ့ နှလုံးကိုတင် ထိခိုက်စေတာ မဟုတ်ဘဲ ကျောက်ကပ်တွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာက ဆီးထဲမှာ ပရိုတင်း များစေပြီး ကျောက်ကပ် ထိခိုက်စေပါတယ်။
- အရက် အလွန်အကျွံသောက်တာ
အရက်ကို တစ်နေ့ကို ၄ ခွက်ထပ်ပိုသောက်တာက နာတာရှည် ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေကို ၂ ဆတိုးစေနိုင်ပါတယ်။ ကျောက်ကပ်ကို မထိခိုက်စေချင်ဘူးဆိုရင် အရက်ကို လျှော့သောက်ပါ။
- အထိုင်များတာ
အထိုင်များတာက အဝလွန်စေနိုင်သလို ကျောက်ကပ် ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ လှုပ်ရှားမှု နည်းတာက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ဘယ်နှခုလောက်များ လုပ်မိနေလဲ။ အခုကစပြီး ဆင်ခြင်လိုက်တော့နော်။
မွန်မွန်